HYE SONG SNIM
ကျောင်းအစ်မ၊ ရဟန်းအစ်မကြီး ဟေဆွန်စညင်
ကျောင်းအစ်မ၊ ရဟန်းအစ်မကြီး ဟေဆွန်စညင်
🌹ကိုရီးယားမဟာယာနဘုန်းကြီးတွေကို “စညင်”လို့ ခေါ်ကြပါတယ်၊ နာမည်ရင်းက “ဟေဆွန်” ဆိုတော့… “ဟေဆွန်စညင်”ပေါ့။ ဟေဆွန်ကို ကိုရီးယားသမ္မတနိုင်ငံ၊ ကယန်းဆန်းပြည်နယ်၊ ဟတ်ချန်းမြို့နယ်၊ ဒဲပြောင်ကျေးရွာအုပ်စု၊ ကျန်ဒန်းကျေးရွာ၊ ခမည်းတော် ဘတ်ဆန်းဘူ၊ မယ်တော် လီဝမ်ဆန်းတို့မှ ၁၃၂၂ခုနှစ်၊ နယုန်လဆုတ် ၆ရက် (၁၄-၆-၁၉၆၀)အင်္ဂါနေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်းငါးယောက်ရှိတဲ့အနက်က အကြီးဆုံးသမီးပါ။
အသက် ၇နှစ်အရွယ်မှာကျောင်းစတက်ပါတယ်။ မိမိဟာအကြီးဆုံးသမီးဖြစ်ပေမယ့် မိဘတွေကိုနည်းနည်းပါးပါးသာကူညီနိုင်ခဲ့ပြီး စာသင်ခြင်း၊ စာကျတ်ခြင်းအလုပ်တွေနဲ့သာ အချိန်ကုန်ခဲ့ပါတယ်၊ ဒါပေမယ့် မိဘတွေက မိမိကိုအလုပ်မခိုင်းပဲ ခွင့်လွှတ်ကြပါတယ်။
🌹ဒီလိုနဲ့ငါးတန်းရောက်လို့ ဆယ့်တစ်နှစ်အရွယ်မှာ ကျောင်းသင်ခန်းစာထဲမှာသင်ယူခဲ့ရတဲ့ အားကျစရာကောင်းတဲ့ တန်းခိုးအာဏာကြီးမားကြတဲ့ လူစွမ်းကောင်း၊ သူရဲကောင်းတို့ရဲ့ အထ္ထုပ္ပတ္တိ အကြောင်းအရာကို သင်ကြားဖတ်ရှုရတဲ့အခါ လူစွမ်းကောင်းတို့ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံများကို အားကျစရာကောင်းတာဖြစ်ပေမယ့် နောက်ဆုံးတော့ လူစွမ်းကောင်း၊ သူရဲကောင်းတို့လည်း သေခြင်းတရားနဲ့သာအဆုံးသတ်သွားကြရတာကို သင်ကြားဖတ်ရှုလိုက်ရတော့ သတိသံဝေဂတွေ ကြီးစွာဖြစ်ပေါ်လာပြီး လူစွမ်းကောင်း၊ သူရဲကောင်းတွေတောင် အိုခြင်း၊ နာခြင်း၊ သေခြင်းတရားမှမလွတ်လျှင် ငါလည်းဘယ်လိုလုပ်လွတ်နိုင်ပါ့မလဲ။ ငါလည်းတနေ့ကျရင် အိုရ၊ နာရ၊ သေရဦးမှာပါလားလို့ ကြောက်တဲ့စိတ်တွေဖြစ်ပေါ်လာပြီး သေခြင်းတရားနဲ့ပတ်သက်၍ ဘယ်သူ့မှအားကိုးလို့မရပါလားလို့သိရတော့ ဝမ်းနည်းလာကာ မျက်ရည်တောင်ကျခဲ့ရတယ်။
🌹နောက်တော့ အိုတာ၊ နာတာ၊ သေတာရှိရင် မအို၊ မနာ၊ မသေတာလည်းရှိမှာပဲ၊ မဟာယနဘုန်းကြီးကျောင်းကိုသွားပြီး တရားဘာဝနာပွားများအားထုတ်ရင် လွတ်နိုင်တယ်လို့ စိတ်ထဲမှာဖြစ်ပေါ်လာပြီး အသက်(၁၈)နှစ်အရွယ်ရောက်တဲ့အခါ အနန္တကျေးဇူးရှင်များဖြစ်ကြတဲ့ မိဘတွေကို မခွဲချင်ပေမယ့် သူတို့ကိုကျောခိုင်းပြီး သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ရန်အတွက် အသိမိတ်ဆွေမရှိတဲ့မဟာယနဘုန်းကြီးကျောင်းကို ဦးတည်ပြီးထွက်လာခဲ့ပါတယ်။ မဟာယာနဘုန်းကြီးကျောင်းသို့ရောက်သွားတော့ ကံကောင်းထောက်မစွာဆရာသမားကောင်းတွေနဲ့တွေ့ပြီး မိမိကိုမဟာယာနဘုန်းကြီးဝတ်ပေးကာ သမီးအရင်းလို အစစအရာရာစောင့်ရှောက်ရုံမကပဲ ဘာသာရေးဆိုင်ရာ သံဃတက္ကသိုလ်ပညာရပ်တွေကိုလည်း တက်ရောက်ခိုင်းပြီး ပညာသင်ယူစေခဲ့ပါတယ်။ သံဃတက္ကသိုလ်ပညာရပ်တွေကို သင်ယူတက်မြောက်ပြီးတဲ့အခါ ဆရာသမားတွေနဲ့အတူပြန်လာနေထိုင်ကာ ဆရာသမားများသဘောကျကျေနပ်လောက်အောင် တပည့်ရဲ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်း ဆရာသမားတို့ရဲ့ဝတ်ကြီး ဝတ်ငယ်အသွယ်သွယ်ကို ပြောစရာမလိုလောက်အောင် လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။ မိမိရဲ့တာဝန်တွေကို ကျေပွန်စွာပြုလုပ်ဆောင်ရွက်နိုင်ခဲ့တော့ ဆရာသမားတွေကလည်းသဘောကျပြီး၊ မိမိကတရားဘာဝနာများကို ပွားများအားထုတ်ချင်တဲ့အခါ ဆရာသမားကကြည်ဖြူစွာ မဟာယာနတရားရိပ်သာများသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
🌹အဲဒီလိုဆရာသမားရဲ့ခွင့်ပြုချက်နဲ့ တရားဘာဝနာတွေကို မကြာမကြာအားထုတ်ခွင့်ရလို့ သမာဓိတွေရသင့်သလောက်ရလာခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုအားမရသေးပဲ လိုနေသေးတယ်လို့ စိတ်ထဲမှာဖြစ်မိပါတယ်။ အဲဒီလိုနဲ့ကံကောင်းချင်တော့ ဆရာသမားရဲ့ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသို့ ဘုရားဖူးသွားခွင့်ကြုံလို့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာသို့ သွားရောက်လေ့လာခွင့်ရတဲ့အခါ တခါမှမတွေ့ဖူးတဲ့ ရဟန်းသံဃာနှင့် ယောဂီများရဲ့ အမှတ်သတိနဲ့သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံ၊ စားသောက်ပုံတွေကိုတွေ့မြင်လိုက်ရတော့ ရင်ထဲမှာပြောပြလို့ မရနိုင်လောက်အောင်အေးချမ်းသွားပါတယ်။ ငါလိုချင်တဲ့ အိုနာသေရေး ဆင်းရဲဘေးမှ လွတ်မြောက်ပြီး အအေးချမ်းဆုံးတရားဟာ ဒီနေရာမှာရနိုင်တယ်လို့ စိတ်ထဲမှာဖြစ်ပေါ်လာမိပါတယ်။
🌹အဲဒါနဲ့ မြန်မာနိုင်ငံအနှံ့လှည့်လည်သွားလာပြီးတော့ ကိုရီးယားနိုင်ငံသို့ ပြန်ရောက်လို့မကြာခင် ဆရာသမားတွေနဲ့တိုင်ပင်ပြီး၊ ဆရာသမားများရဲ့အားပေးခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာသို့ ပြန်လာရောက်ရှိလာပြီး မဟာစည်ကမ္မဌာနာစရိယ ဆရာတော် ဘဒ္ဒန္တဇဋိလ ထံတော်မှာ အားရကျေနပ်လောက်အောင် သတိပဌာန်ဝိပဿနာဘာဝနာတရားတော်များကို ပွားများအားထုတ်ခွင့်ရခဲ့ပါတယ်။
🌹အဲ့ဒီနောက် မှော်ဘီမြို့နယ် ချမ်းမြေ့ရိပ်သာသို့ပြောင်းရွှေ့ပြီး ကမ္မဌာနာစရိယဆရာတော် ဘဒ္ဒန္တ ဝါယမ ထံမှာလည်း အားရကျေနပ်လောက်အောင် သတိပဌာန်ဝိပဿနာ ဘာဝနာတရားတော်များကို ပွားများအားထုတ်ခွင့်ရလို့ ပို၍အားရလာခဲ့ပါတယ်။ အဲဒီပြီးနောက် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်ရှိ သဒ္ဓမ္မရံသီရိပ်သာသို့ ပြောင်းရွှေ့နေထိုင်ပြီး၊ သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးရဲ့ထံတော်မှာ ဆရာတော်ဘုရားကြီးရဲ့ အေးမြလှတဲ့ မေတ္တာ စေတနာရဲ့ အရိပ်အောက်မှာ သတိပဌာန်ဝိပဿနာ ဘာဝနာတရားများကို ပွားများအားထုတ်ခွင့်ရလိုက်တော့ ပို၍အဆင်ပြေပြီး အေးချမ်းမှုတွေက ပို၍ပို၍ခံစားလာရပါတယ်။
🌹အဲဒီနောက် ၁၃၆၃ခုနှစ် (၅-၁-၂၀၀၂)သို့ ရောက်လာတဲ့အခါ ကျေးဇူးရှင် သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးရဲ့ စီစဉ်ပေးချက်အရ ခိပ္ပါဘိညာ သဒ္ဓမ္မရံသီရိပ်သာသို့ရောက်ရှိခဲ့ပြီး ရိပ်သာတာဝန်ခံဆရာတော် ဘဒ္ဒန္တဣန္ဒကထံမှာ မြန်မာစာ၊ မြန်မာစကားနှင့် ဗုဒ္ဓအဘိဓမ္မာစာပေများကို သင်ယူလေ့လာခွင့်ရခဲ့ပြီး၊ တက်မြောက်လာသောအခါ ဘဝတူတရားအားထုတ်ဖော် ကိုရီးယားယောဂီမျာအား စကားပြန်လုပ်ပေး၍ ဆရာသမားများကိုကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ်။
🌹အဲဒီကျေးဇူးများတဲ့ဆရာများထဲမှာ ဆရာတော်ဘဒ္ဒန္တဣန္ဒက က မိမိကို မြန်မာစာ၊ မြန်မာစကားနှင့် ဗုဒ္ဓအဘိဓမ္မာစာပေများကိုသင်ကြားပေးခဲ့လို့ ထေရဝါဒဗုဒ္ဓတရားတော်များကို လေ့လာ သိရှိခွင့်ရလိုက်တဲ့အတွက် အထူးပဲကျေးဇူးတင်မဆုံးဖြစ်ခဲ့ရပါတယ်။ ကျေးဇူးများတဲ့ ဆရာတော်ဘဒ္ဒန္တဣန္ဒက ကို သိက္ခာထပ်ပေးပြီး ၂၀၀၃ခုနှစ်၊ ဧပြီလသို့ရောက်တဲ့အခါ ဆရာတော်ဘဒ္ဒန္တဣန္ဒက ကို ကိုရီးယားသမ္မတနိုင်ငံသို့ ၂၀၀၃ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ လေးနှစ်တိုင်တိုင် တရားဟော၊ တရားပြဖို့ ကိုရီးယားသမ္မတနိုင်ငံ နေရာအနှံ့အပြားသို့ပင့်ဆောင်ခဲ့ပြီး မိမိကကျောင်းတာဝန်ကိစ္စ များလှတဲ့ကြားမှာ စကားပြန်လုပ်ပေးပြီး ကျေးဇူးဆပ်ခွင့်ရခဲ့ပါတယ်။
🌹၂၀၀၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှာ ကျေးဇူးများတဲ့ ဆရာတော်ဘဒ္ဒန္တဣန္ဒက ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ အာဇီဝကျောင်းလမ်းမှာ ဓမ္မမာမကသာသနာ့ရိပ်သာကို စတင်တည်ထောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရိပ်သာမြေ (၂၆)ဧက၊ တန်ဖိုးငွေ ကျပ်သိန်းနှစ်ရာ့နှစ်ဆယ်ကျော်တို့ကို တာဝန်ယူထောက်ပံ့လှူဒါန်းလာခဲ့တာ ယနေ့အချိန်ထိဖြစ်ပါတယ်။
မိမိတို့ရလာသမျှသော လာဘ်လာဘ၊ နဝကမ္မများကို သူသူကိုယ်ကိုယ် အနည်းနဲ့အများ တွန့်တိုတတ်ကြပေမယ့် ဆရာတော်ဘဒ္ဒန္တဣန္ဒက ကို အားပေးထောက်ပံ့ လှူဒါန်းခဲ့တဲ့နေရာမှာ တပြားတချပ်မှမကျန်အောင် ရက်ရက်ရောရောနဲ့ ရှိရှိသမျှအကုန်လှူဒါန်းခဲ့ပါတယ်။ ဆရာတော်ဘုရားကလည်း လုပ်သင့်လုပ်ထိုက်တာကို မြန်မြန်ဆန်ဆန်ပြုလုပ်တက်တော့ အကုန်အကျ များသွားတဲ့အခါ မလောက်မငဖြစ်မှာစိုးလို့ တခါတလေစိတ်ပူမိပါတယ်။
ဒါပေမယ့် ဆရာတော်ဘုရားအပေါ်မှာစိတ်ထားမပြောင်းပဲ ဆက်လက်ထောက်ပံ့ကာ လှူဒါန်းခဲ့ပါတယ်။ ဆရာတော်ဘုရားက အဲဒီလိုမြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့လို့ ယခုလိုနှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာအဆင့်မီ အဆင့်မြင့်တဲ့ ရိပ်သာတစ်ခုဖြစ်ပေါ်လာခဲ့တာပေါ့။
🌹ယခုအချိန်မှာတော့ ရိပ်သာအတွင်းမှာ ကျောင်း၊ ကန်၊ သိမ်၊ စေတီ၊ ဘုရားတွေနဲ့ ပြည့်စုံသွားခဲ့တာကိုတွေ့မြင်ရတော့ မိမိမှာ ဘုရားအစ်မ၊ ရဟန်းအစ်မ၊ စေတီအစ်မ၊ ကျောင်းအစ်မ၊ သိမ်အစ်မ ဖြစ်နေပါလားဆိုပြီးတော့ ကြည်နူးဝမ်းသာလို့မဆုံးဖြစ်ရပါတယ်။
နောက်ဆုံးပြောချင်တာကတော့ ကျောင်းသူဘဝနှင့် ကျောင်းမှာနေခဲ့စဉ်တုန်းက ကျောင်းသင်ခန်းစာမှပေးတဲ့ သတိသံဝေဂကြောင့် ယခုလိုသာသနာ့ဘောင်ကိုရောက်လာခဲ့တာ၊ ဆရာသမားများရဲ့ကျေးဇူးကြောင့် သံဃတက္ကသိုလ်မှာတက်ရောက်သင်ကြားခွင့်၊ တရားဘာဝနာ ပွားများအားထုတ်ခွင့်၊ ထေရဝါဒ ဗုဒ္ဓအဘိဓမ္မာ မြန်မာစာ မြန်မာစကား သင်ကြားလေ့လာခွင့် ရခဲ့တာဟာလည်း ဝမ်းသာစရာဖြစ်ပါတယ်။
🌹ထို့ထက်ဝမ်းသာဖို့အကောင်းဆုံးကတော့ တရားလိုလားကြတဲ့မိမိနှင့်တကွ ကမ္ဘာသူ ကမ္ဘာသား ပုဂ္ဂိုလ်သတ္တဝါအားလုံး အေးချမ်းစွာတရားအားထုတ်နိုင်ရန်အတွက် မြန်မာနိုင်ငံသာမကပဲ ကမ္ဘာမှာပါအဆင့်အတန်းမီတဲ့ အင်မတန်အေးချမ်းသာယာလှတဲ့ ဓမ္မမာမကသာသနာ့ရိပ်သာကြီးကို ထူထောင်ကာ၊ မိမိကရက်ရက်ရောရောနဲ့ ထောက်ပံ့လှူဒါန်း၍ သာသနာပြုခွင့်ရလိုက်တာကိုပဲ ဝမ်းသာလို့မဆုံးဖြစ်မိပါတယ်။
ဒါကြောင့် ကမ္ဘာပေါ်မှာ ကံကောင်းတဲ့လူသားအားလုံးထဲမှာ “ကံအကောင်းဆုံးသူမှာ ဟေဆွန်ပါ”လို့ ပြောချင်ပါတယ်။
🌷”အားလုံးကို ကျေးဇူးတင်ပါတယ်”
🌷”ခမ်ဆာဟာမီတာ”
🌼(ဟေဆွန်စညင်)🌼၂၀၁၂ခုနှစ်